မော်လမြိုင်မြို့ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းတွင်  မူးယစ်ဆေးဝါးအန္တရာယ်တာဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

မော်လမြိုင် ဇွန် ၁၄

မော်လမြိုင်မြို့၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ် (၃၈) မူးယစ်တပ်ဖွဲ့စုနှင့်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးတာဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ်ပိုင်းက အမှတ် (၉) ခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က ကျောင်းသား၊ ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတအကြောင်းအရာများ၊ စာဖတ်ခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း၊ အမှတ် (၃၈) မူးယစ်တပ်ဖွဲ့စုမှ   ရဲအုပ်လင်းလင်းဦးက မူးယစ်ဆေးဝါး မသုံးစွဲမိစေရန် လိုက်နာသင့်သည့်အချက်များ၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများကိုလည်းကောင်း၊ မူးယစ်‌ဆေးဝါးဆန့်ကျင်ရေးအသင်းမှ ဦးသန်းဝင်းက မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးရေးအကြောင်းတို့ကိုလည်ကောင်း  အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက  စိတ်ပါဝင်စားစွာ လေ့လာကြည်ရှုခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)