နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးအမှတ်(၂၀)စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာ အထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

နေပြည်တော် ဇွန် ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်များတွင် မြို့ရွာသန့်ရှင်း သာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးတို့အတွက် အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၂၀) စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်းတွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်၍ ကြည့်ရှုအားပေးသည်။

ထို့သို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နေပြည်တော်ကောင်စီ၏ကြီးကြပ်မှုဖြင့် အမျိုးသမီးရေးရာ/မိခင်နှင့်ကလေးအသင်းအဖွဲ့များ၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှုကူညီရေးအဖွဲ့အစည်းများ စုပေါင်း၍ ကျောင်းအတွင်းရှိ မြက်၊ ချုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ သစ်ကိုင်း၊ သစ်ပင်များခုတ်ထွင်ဖယ်ရှားရှင်းလင်းခြင်း၊ ရေမြောင်းများအတွင်း အမှိုက်သရိုက်များဆယ်ယူရှင်းလင်းခြင်း၊ အမှိုက်ကားများဖြင့် စနစ်တကျသိမ်းဆည်းစွန့်ပစ်ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက စုပေါင်းသန့်ရှင်ရေးဆောင်ရွက်သည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့စည်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

အလားတူ နေပြည်တော်ကောင်စီ၏လမ်းညွှန်မှုဖြင့် နေပြည်တော်အတွင်းရှိ မြို့နယ်များတွင်လည်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး၊ မြို့နယ်အသီးသီးရှိ ဘုရားစေတီပုထိုးများ၊ ဌာနဆိုင်ရာရုံး အဆောက်အဦများ၊ မြို့၊ ရွာ၊ စာသင်ကျောင်း၊ ဆေးရုံများ သန့်ရှင်းသာယာလှပစေရေးနှင့် ပြည်သူများကျန်းမာရေးဆိုင်ရာ အထောက်အကူ ဖြစ်စေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို အပတ်စဉ်(စနေနေ့တိုင်း) ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ကို