၂၀၂၅ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီးဘော်လီဘောပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ပထမတံခွန်စိုက်ဆုဖလားရရှိခဲ့သော အမျိုးသမီးဘော်လီဘောအသင်း နှင့် ဒုတိယဆုရရှိခဲ့သော အမျိုးသားဘော်လီဘောအသင်းတို့အား ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ

ချမ်းအေးသာစံ ဇွန် ၁၄

၂၀၂၅ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ပထမတံခွန်စိုက်ဆုဖလားရရှိခဲ့သော အမျိုးသမီးဘော်လီဘောအသင်းနှင့် ဒုတိယဆုရရှိခဲ့သော အမျိုးသားဘော်လီဘောအသင်းတို့အား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ဇွန်လ(၁၃)ရက်နေ့ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးဘော်လီဘောဆပ်ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ အောင်ပွဲရအားကစားအသင်းမှ အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြနှင့်အားကစား သမားများ တက်ရောက်ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်တောင်ကြီးမြို့တွင်ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲတွင် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ခဲ့သည့်အတွက် ပထမတံခွန်စိုက်ဆုကို ၃ နှစ်ဆက်တိုက်ရရှိခဲ့ပြီး အကောင်းဆုံးအားကစားဆုများကိုလည်း ထပ်မံရရှိခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင်ထူးချွန်သည့် အားကစားသမားများဖြစ်လာအောင်လေ့ကျင့်မှုများကို ယခင်ကထက် ဆထက်ထမ်းပိုး ကြိုးစားလေ့ကျင့်နေရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ အောင်ပွဲရ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးဘော်လီဘောအသင်းမှ အုပ်ချုပ်သူ၊ နည်းပြနှင့်အားကစားသမားများက ပထမတံခွန်စိုက်ဆုဖလားကို အပ်နှံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက အားကစားအသင်းမှ အားကစားသမားများနှင့် ထူးချွန်အားကစားသမားများကို ဂုဏ်ပြုငွေများချီးမြှင့်ခဲ့သည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဘော်လီဘောအသင်း အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ပေးပြီးနောက် အုပ်ချုပ်သူမှ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့ကြောင်းနှင့် ကျေးဇူးတင်စကားများပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်