ညောင်ဦး ဇွန် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ပုဂံမြို့ဟောင်းရှိ အာနန္ဒာမြတ်စွာဘုရား တောင်ဘက်မုခ်ရှိ အာရုဏ်ခံတန်းစောင်းတန်းမျက်နှာကျက်ရှိ ရွှေများမှေးမှိန်နေခြင်းအား ပြန်လည်ပြုပြင်ခြင်းနှင့် ဘုရားကြီးအထွဋ်စေတီတော် ရွှေသင်္ကန်းကပ်လှူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၁၃ ရက်၊ ယမန်နေ့နံနက် ၉ နာရီခွဲအချိန် အာနန္ဒာဘုရား ဂေါပကရုံးခန်းတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုက အာနန္ဒာဘုရားကြီး အာရုဏ်ခံစောင်းတန်းမျက်နှာကျက်ရှိ ရွှေများမှေးမှိန်နေခြင်းနှင့် အာနန္ဒာဘုရားကြီးအထွဋ်စေတီ ရွှေသင်္ကန်းကပ်လှူနိုင်ရေးနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ထို့နောက် တက်ရောက်လာသည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေး လုပ်ငန်းကော်မတီဝင်များက အာရုံခံစောင်းတန်းမျက်နှာကျက်များရှိ ရွှေများမှေးမှိန်နေ ခြင်းအား အမြင်တင့်တယ်စေရန် ထိုင်ဝမ်ရွှေဖြင့် အရောင်တင်ခြင်းလုပ်ငန်းများအား လုပ် ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးဆွေးနွေးပြောကြားကြသည်။
ဆက်လက်၍ အာနန္ဒာမြတ်စွာဘုရားကြီးကွမ်းတောင်တော်၊ အထွဋ်စေတီ၊ မုခ်ကပ်ဆင်းတုတော်(၂၀)နှင့် နတ်ရုပ်ကြီးများအား ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးနှင့် စပ်လျဉ်း၍ ရွှေချလုပ်ငန်းတင်ဒါဖွင့်ပွဲအား ရွှေသင်္ကန်းကပ်လှူနိုင်ရေးဦးစီးကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီဝင်များ၊ ဂေါပကအဖွဲ့များ၊ လုပ်ငန်းဆောင် ရွက်လိုသည့်လုပ်ငန်းရှင်များဖြင့် လုပ်ငန်းတင်ဒါဖွင့်ပွဲကျင်းပကာ တင်ဒါအောင်သည့်လုပ်ငန်းရှင်တို့အား လုပ်ငန်းကတိကဝတ်စာချုပ်ချုပ်ဆို အပ်နှင်းခဲ့ကြောင်းသိရသည်။
ဒီပါလင်း