ဒဂုံအရှေ့ ဇွန် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဒဂုံတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ အားကစားရုံ(၁)၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ဥပဒေပညာအသင်းနှင့် အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရှိသော ရုက္ခဗေဒအသင်းတို့အား တံခွန်စိုက်ဆုဖလားနှင့် ဆုတံဆိပ်များချီးမြှင့်ခဲ့ပြီး ဒုတိယပါမောက္ခချုပ်များက အမျိုးသားသင်းလိုက်ပြိုင်ပွဲနှင့် အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲများတွင် ဒုတိယနှင့် တတိယဆုရရှိသော အသင်းများကို ဆုတံဆိပ်များ ချီးမြှင့်သည်။
ဆက်လက်၍ ဘာသာရပ်အသီးသီးမှ ပါမောက္ခ/ဌာနမှူးများက အမျိုးသား/အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အသင်းများနှင့် ပြိုင်ပွဲတွင်တစ်ဦးချင်း စွမ်းဆောင်ရည်ဆုရရှိသော ကစားသမားများကို ဆုတံဆိပ်များ အသီးသီးချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲကို ဒဂုံတက္ကသိုလ်၌ ဇွန်လ ၉ ရက်နေ့မှ ဇွန်လ ၁၃ ရက်နေ့အထိ ကျင်းပခဲ့ရာ ရှေးဟောင်းသုတေသနဌာန၊ ရူပဗေဒဌာန၊ ဓာတုဗေဒဌာန၊ သတ္တဗေဒဌာန၊ ဥပဒေပညာ၊ ရုက္ခဗေဒဌာန၊ ဒဿနိကဗေဒဌာန၊ ကွန်ပျူတာသိပ္ပံ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ သင်္ချာဌာနနှင့် အင်္ဂလိပ်စာဌာနတို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ဇွဲမင်းထက်(ပြန်/ဆက်)