ညောင်ရွှေ ဇွန် ၁၄
မတ်လ(၂၈)ရက် နေ့လယ်ပိုင်းက အင်အားပြင်းထန်စွာ လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ဒဏ်ကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်း လျှပ်စစ်ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများ၊ ဓာတ်တိုင်များ၊ နေအိမ်များသို့ သွယ်တန်းထားသည့် ဓာတ်ကြိုးများ ယိုင်နဲ့တိမ်းစောင်းခြင်း၊ ကျိုးပဲ့ပျက်စီးခြင်းများဖြစ်ပေါ်၍ ကျေးရွာပေါင်း (၃၂၁)ရွာ လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်ခဲ့သည်။
အဆိုပါ ထိခိုက်ပျက်စီးသွားသည့် လျှပ်စစ်ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများ၊ လျှပ်စစ်မီးကြိုးများ ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် ယိုင်နဲ့ကျိုးပဲ့သွားသည့် ဓာတ်တိုင်များတည့်မတ်ပြုပြင်ခြင်း၊ အသစ်စိုက်ထူခြင်းလုပ်ငန်းများကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနမှ ကျွမ်းကျင်ပညာရှင်များ၊ လုပ်သားများက အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယခုအချိန်ထိ ကျေးရွာပေါင်း (၃၂၁) ရွာသို့ လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိနိုင်ရေးဆောင်ရွက်ပြီးခဲ့၍ ရာခိုင်နှုန်းအားဖြင့် (၉၉.၃၇)ရာခိုင်နှုန်း ပြီးစီးခဲ့ပြီဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသည့် ကေလာကျေးရွာနှင့် အုန်းပင်ကျေးရွာရှိ (၄၀၀)ဗို့ လျှပ်စစ်ဓာတ်အားလိုင်းများ ပုံမှန်ဖြန့်ဖြူးနိုင်ရေး အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုင်းအယ်ဘဲ