နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မြို့နယ်ပေါင်းစုံ အသက် ၁၈ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် နေပြည်တော်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဇွန် ၁၄

၂၀၂၅ ခုနှစ် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၁၈ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိ‌လေ့ကျင့်ရေးဘောလုံးကွင်း(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပြေးခုန်ပစ်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ပြေးခုန်ပစ်ပြိုင်ပွဲတွင် အားကစားနည်းအလိုက် ဆုရရှိသော အားကစားသမားများအား နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝင်နှင့် ကော်မတီဝင်များမှ ဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ‌နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမျိုးသမီးတံခွန်စိုက်ဆုရရှိသော  ဥတ္တရသီရိမြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားအားလည်းကောင်း၊ အမျိုးသားတံခွန်စိုက်ဆုရရှိသော ဇေယျာသီရိမြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားအားလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက်  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သော နေပြည်တော်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကောင်စီနယ်မြေအတွင်း လူမှုစီးပွားကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေး၊ ကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ ပြည်ပပို့ကုန် တိုးမြှင့်ထုတ်လုပ်နိုင်ရေးတို့အတွက် နှစ်စဉ်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်စဉ်စီမံကိန်းများကို နေပြည်တော်ကောင်စီ ရန်ပုံငွေအပြင် ပြည်ထောင်စုရန်ပုံ‌ငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းများနှင့်ပါ ချိတ်ဆက်အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ လုပ်ငန်းစီမံကိန်းများကို သက်ဆိုင်ရာစိစစ်ရေးအဖွဲ့များက အချိန်မီပြီးစီးရေးအပြင် အ‌ရည်အသွေး၊ စံချိန်စံညွှန်းများကိုက်ညီရေးကို အထူးကြီးကြပ် စိစစ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အကောင်အထည်ဖော်နိုင်မှုအခြေအနေများကို ခန့်မှန်းပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် နှစ်စဉ်စီမံကိန်းများကိုညှိနှိုင်းရေးဆွဲဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ စီမံကိန်းလျာထားချက်ရေးဆွဲရာတွင် ပြည်သူလူထုကို အထိရောက်ဆုံး အကျိုးပြုနိုင်သည့် လုပ်ငန်းစီမံကိန်းများဖြစ်ရန်နှင့် သဘာဝဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း ထည့်သွင်းလျာထားဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ရှင်းလင်းတင်ပြကြရာ  နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ မှာကြား၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

အောင်သူရဦး (ပြန်/ဆက်)