ရပ်စောက် ဇွန် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် မိခင်နှင့်ကလေးအသင်းပိုင် မူလတန်းကြိုကျောင်း၌ ကိုယ်ခန္ဓာကျန်းမာရေး၊ သွားကျန်းမာရေးအခမဲ့စစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်ပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကျန်းမာရေးမှူးနှင့် ဆရာဝန်များက ကိုယ်ခန္ဓာကျန်းမာရေးနှင့် သွားကျန်းမာရေးအကြောင်း အသိပညာပေးဟောပြောခဲ့ကြသည်။ ထို့နောက် မြို့နယ်ကျန်းမာရေးမှူးက မူလတန်းကြိုကျောင်းသို့ သွားတိုက်ဆေးနှင့် သွားတိုက်တံများ လှူဒါန်းကာ ကလေးများသွားကျန်းမာရေး အခမဲ့စစ်ဆေးပေးခဲ့ပြီး ထိုစစ်ဆေးနေမှုများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ အားပေးကြည့်ရှုပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ မြို့နယ်ကျန်းမာရေးမှူးနှင့် ဆရာဝန်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းသားမိဘ အုပ်ထိန်းသူများ စုစုပေါင်း (၁၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)