သထုံ ဇွန် ၁၄
မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့်အညီ အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့၊ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ သထုံမြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးစိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အခွန်ဦးစီးဌာနမှူးဦးအောင်နိုင်က အခွန်ပေးဆောင်ရခြင်း၏ရည်ရွယ်ချက်၊ ပြေစာများအပေါ်အခွန်အမှတ်တံဆိပ် ကပ်နှိပ်၍ ထုတ်ပေးခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ကောက်ခံလျက်ရှိသောအခွန်အမျိုးအစားများ၊ စားသောက်ဆိုင်၊ ဟိုတယ်/တည်းခိုခန်း၊ ရုပ်သံလွှင့်မီဒီယာ၊ ရွှေထည်လက်ဝတ်ရတနာ၊ လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများရောင်းချခြင်းစသည့် လုပ်ငန်းရှင်များအား ပြေစာထုတ်ပေးခြင်းနှင့် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် ပျက်ကွက်မှုအားဒဏ်ငွေတပ်ရိုက်ခြင်း၊ ပျက်ကွက်မှုအားတိုင်ကြားခြင်းတို့နှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊ လုပ်ငန်းလိုင်စင်များအသစ်ထုတ်ပေးခြင်း၊ သက်တမ်းတိုးခြင်းများဆောင်ရွက်ရာတွင် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပါမှသာလျှင် ထုတ်ပေးပါရန်ကိစ္စရပ်များ၊ ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းများအား အမိန့်ကြော်ငြာစာအမှတ် - ၆၃/၂၀၂၃ နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် စပ်လျဉ်းသည်များကို ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသည့် အခွန်ထမ်းလုပ်ငန်းရှင်တို့က သိလိုသည်တို့ကိုမေးမြန်းကြပြီး တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြသည်။
အဆိုပါရှင်းလင်းပွဲသို့ မြို့နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်တွင်းအခွန်များဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် သထုံမြို့နယ်အတွင်းရှိ ဟိုတယ်/တည်းခိုခန်း၊ စားသောက်ဆိုင်၊ ရွှေဆိုင် စသည်တို့မှ အခွန်ထမ်း လုပ်ငန်းရှင်များ စုစုပေါင်း ၈၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)