ကော့မှူး ဇွန် ၁၄
ကျောင်းသား/ကျောင်းသူများ စာအုပ်စာပေများ လေ့လာဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတကြွယ်ဝပြီး စဉ်းစားတွေးခေါ်မှုအသိဉာဏ်များ ပိုမိုရှင်သန်လာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် လာဝတီကျေးရွာအ.မ.က(ရှမ်းစု)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာကျောင်းအုပ်ဆရာကြီး ဦးဌေးဇော်ကကျောင်းသား/ကျောင်းသူများအနေဖြင့် ဟောပြောသည့် အကြောင်းအရာများကို ဂရုစိုက်နားထောင်မှတ်သားကြရန်ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံတော်၏တာဝန်များကို လက်ဆင့်ကမ်းထမ်းဆောင်ရမည်ဖြစ်သည့်အတွက် ဗလငါးတန်နှင်ပြည့်စုံစေရန် ကျောင်းစာအပြင်ပြင်ပဗဟုသုတများရရှိစေရန် အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချသည့်အနေဖြင့် စာအုပ်စာစောင်များ ဖတ်ရှုကြရန်၊ စာဖတ်ခြင်းကြောင့် အမှားအမှန်အား ဝေဖန်ပိုင်ခြားနိုင်ပြီး စာ ပေဖတ်ရှုခြင်းကြောင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများအား ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများ အသိပညာတိုးပွားစေရေးအတွက် ကလေးအလုပ်သမားပပျောက်ရေးဝိုင်းဝန်းကူညီဆောင်ရွက်ပေး အသိပညာပေးနံရံကပ်စာစောင်နှင့် အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များ၊ သုတ/ရသစာအုပ်စာစောင်များ ပြသထားရာကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာကြည့်ရှုနေကြကြောင်း သိရသည်။
ကျော်သူရ(ပြန်/ဆက်)