သထုံ ဇွန် ၁၃
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် မုန်တိုင်းဘေးအန္တရာယ် ဖြစ်ပွားလာပါက ကြိုတင်ကာကွယ်နိုင်ရေး စုပေါင်းဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့မွန်းလွဲပိုင်းက သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ ဘူတာဝင်းအတွင်း၌ ပြုလုပ်ခဲ့ကြသည်။
ဇာတ်တိုက်လေ့ကျင့်ရာတွင် သထုံမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးစိုးနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးရဲညွန့်ထွေးတို့၏ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် လူမှုကူညီရေးပရဟိတအဖွဲ့တို့က မုန်တိုင်းသတိပေးကြေငြာခြင်း၊ မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်သည့် ကြိုတင်သတိပြုစရာများ အသိပေးနှိုးဆော်ခြင်း၊ ဘေးလွတ်ရာ ယာယီကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းခိုလှုံခြင်း၊ အန္တရာယ်ကျရောက်နေသူများအား နည်းလမ်းအမျိုးမျိုးဖြင့် ရှာဖွေကယ်ဆယ်ခြင်း၊ ထိခိုက်ဒဏ်ရာရသူများအား ရှေးဦးသူနာပြုစုခြင်း၊ ဘေးလွတ်ရာသို့ ရောက်ရှိသူများအား ကျန်းမာရေးပြုစုစောင့်ရှောက်မှု၊ ထောက်ပံကူညီမှုများဆောင်ရွက်ခြင်း စသည့် မုန်တိုင်းဘေး မဖြစ်ပွားမီ၊ ဖြစ်ပွားဆဲနှင့် ဖြစ်ပွားပြီးနောက် စနစ်တကျ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ကဏ္ဍအလိုက် သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်ခဲ့ကြသည်။
အဆိုပါဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှဝန်ထမ်းများ၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေးအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)