ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းဆောင်ရွက်

ရန်ကုန် ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ စာသင်ကျောင်းများနှင့် ဈေးများတွင် ဆောင်ရွက်ခဲ့သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ခိုင်စိုးနှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် အမှိုက်ခြောက်၊ အမှိုက်စို၊ အန္တရာယ်ရှိသော အမှိုက်နှင့် ပလတ်စတစ်အမှိုက် ခွဲခြားစွန့်ပစ်သရုပ်ပြသနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး အသိပညာပေး ဟောပြောခဲ့ကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချိုချိုမြတ်အောင်၊ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ခိုင်စိုး၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက  စမ်းချောင်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ ဖွံ့ဖြိုးရေးချိန်တွင် ကျောင်းသား၊ ကျောင်းသူများအား အမှိုက်ခြောက်၊ အမှိုက်စို၊ အန္တရာယ်ရှိသောအမှိုက်နှင့် ပလတ်စတစ်အမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ပြီး စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းနှင့် ပြည်လမ်းထောင့် City Mark ၊ ဒဂုံမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် TAW WIN CENTRE ၊ လသာမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းဈေးသို့သွားရောက်၍  အမှိုက်ခြောက်၊ အမှိုက်စို၊ အန္တရာယ်ရှိသောအမှိုက်နှင့် ပလတ်စတစ်အမှိုက် ခွဲခြားစွန့်ပစ်သရုပ်ပြသနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး အသိပညာပေး ဟောပြောခဲ့ကြသည်။

အဆိုပါ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်တွင် ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချပေးနိုင်ခြင်း၊ အမှိုက်ပမာဏကို လျှော့ချနိုင်ခြင်းနှင့် ပြန်လည်အသုံးပြုနိုင်ဖို့အတွက် အခွင့်အလမ်းအများအပြား ရရှိနိုင်ခြင်းတို့အပြင် လူသားတို့နေထိုင်ရာ ကမ္ဘာ့မြေထု၊ လေထု၊ ရေထုအတွင်း မှီတင်းနေထိုင်သည့် သက်ရှိသတ္တဝါများအတွက် အစာကွင်းဆက်ကောင်းမွန်စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)