ဒေါပုံမြို့နယ်တွင် လူငယ်များ ဗလငါးတန်ပြည့်ဝစေရန်အတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ ဆောင်ရွက်

ဒေါပုံ ဇွန် ၁

လူငယ်ဟူသည် အနာဂတ်၏ အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်သည်နှင့်အညီ လူငယ်များ ဗလငါးတန်နှင့် ပြည့်ဝစေရေးအတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဒေါပုံမြို့နယ် အမှတ် () အခြေခံပညာအလယ်တန်းကျောင်းတွင် သက်ဆိုင်ရာဌာနများမှ ပူးပေါင်း၍ ဇွန် ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်နိုင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်စုဝေက လူငယ်များဗလငါးတန် ပြည့်မီစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အကြောင်းအရာများကို ဟောပြောခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်စွမ်းရည်တိုးတက်မြင့်မားစေရေးအတွက် ဥာဏ်စမ်းမေးခွန်းများ မေးမြန်ပြီး အဖြေမှန်သူများအား စာရေးကိရိယာဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်များအား စိတ်ပါဝင်စားလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)