မိုင်းယောင်း ဇွန် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက နားဖန်းကျေးရွာ၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့် ဆေးကုသခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သီတာအောင်က ကွင်းဆင်းဆေးကုသခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင် (၃) ဒေါ်နန်းစီဖေါင်း၊ စာကြည့်တိုက်လက်ထောက် (၃) ဒေါ်ဝေဝေခိုင်နှင့် အငယ်တန်းစာရေး ဦးထွန်းမြှင့်လှိုင်တို့က စာကြည့်တိုက်နှင့် စာအုပ်စာပေ၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး၊ MSME နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲများကို ခင်းကျင်းပြသပြီး မြို့နယ်တိုင်းရင်းဆေးမှူးနှင့် ဝန်ထမ်းများက ဒေသခံပြည်သူများအား တိုင်းရင်းဆေးဖြင့် ဆေးကုသပေးခဲ့သည်။
ရာဇီ(ပြန်/ဆက်)