ကျောက်ပန်းတောင်းမြို့နယ်တွင် ပြန်လည်ကျင်းပသွားမည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနများ ကြိုတင်ပြင်ဆင်ထားရှိမှုကို တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုစစ်ဆေး

ကျောက်ပန်းတောင်း ဇွန် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပြန်လည်ကျင်းပသွားမည့် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို၊ ဇွန်လ(၁၃)ရက်နေ့ နံနက် (၉) နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆက်စပ်ဌာနများနှင့် ခေတ္တမြို့နယ်ပညာရေးမှူးတို့က လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲများ ပြန်လည်ဖြေဆိုရန် စာစစ်ဌာန (၄)ခု ဖွင့်လှစ်ထားရှိကြောင်း သိရပြီး၊ အဆိုပါ စာစစ်ဌာများမှာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (ပင်မ) စာစစ်ဌာနနှင့် တိုးချဲ့စာစစ်ဌာန၊ ပုပ္ပားအခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနနှင့် လက်ပန်ပျားအခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတို့ဖြစ်ကြောင်း သိရသည်။ အဆိုပါ စာစစ်ဌာနများတွင် ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၅၉၉ ဦး ပြန်လည်ဖြေဆိုကြရမည်ဖြစ်ရာ၊ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် နေရာထိုင်ခင်းပြင်ဆင်ထားရှိမှု၊ ရေ/မီးရရှိမှုနှင့် မိလ္လာများပြင်ဆင်ထားရှိမှု၊ မီးဘေးလုံခြုံရေး အစရှိသည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ ဆက်စပ်ဌာနများဖြစ်သည့် မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိသူများ လိုက်ပါ၍ လိုအပ်သည်များကို သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ စာစစ်ဌာနမှူးများနှင့် ကြီးကြပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံကာ လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)