မိုင်းကိုင်မြို့နယ်၌ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

မိုင်းကိုင် ဇွန် ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက အခြေခံပညာအလယ်တန်းကျောင်း(ပန်ကတ်)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ဥပဒေအရာရှိ ဦးငြိမ်းချမ်းထက်၊ နယ်မြေခံတပ်မှ ဗိုလ်ကြီး အောင်ကျော်ဇော၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးတို့က မြန်မာနိုင်ငံ ကလေးသူငယ်အလုပ်သမားများနှင့် ပတ်သက်သည့် ဥပဒေပြဌာန်းချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်များ၊ ကလေးအလုပ်သမားများအား အဆိုးရွားဆုံးပုံစံများဖြင့် ခိုင်းစေခြင်းများ မရှိစေရေး၊ ကလေးအလုပ်သမား အသိပညာဗဟုသုတတိုးပွားရေး စသည့်အကြောင်းအရာများကို အသီးသီး အသိပညာပေး ဟောပြောကြရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက မိမိတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားသော “ချယ်ရီမြေ” လက်ကမ်းစာစောင်၊ နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများ “ရှမ်းအိုးစည်” အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)