မိုင်းနောင်မြို့တွင် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်ဝေ

မိုင်းနောင် ဇွန် ၁၃ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများသည် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင် ယမန်နေ့ မွန်းလွဲပိုင်းတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြန့်ဝေရာတွင် မိုင်းနောင်မြို့အတွင်း စည်ကားသော လမ်းမကြီးများတွင် နေ့စဥ်ဖွင့်လှစ် ရောင်းချလျက်ရှိသော ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်ရှင်များနှင့် အများပြည်သူများအား ကလေးအလုပ်သမားနှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ဖြန့်ဝေပေးကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃) ရပ်၊ ကလေးအလုပ်သမား အဓိပ္ပာယ်၊ ကလေးအလုပ်သမား အသက်အရွယ်၊ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ၊ အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက်များ စသော အချက်တို့ပါရှိ၍ လက်ကမ်းစာစောင်များအား ကျောင်းသား/သူများနှင့် အများပြည်သူများ သိရှိနိုင်စေရန် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မနန်း( မိုင်းနောင်)