ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တောင်ကြီးမြို့ ဂနိုင်ကန်လမ်းဆုံအနီးရေမြောင်းနှင့် လမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး ဇွန် ၁၂

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဇွန်လ(၁၁)ရက်နေ့ ညနေ(၄)နာရီက တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက် ဂနိုင်ကန်လမ်းဆုံအနီး ရေမြောင်းနှင့်လမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဖြစ်သည့် ကွန်ကရစ်လမ်းခင်းခြင်း၊ ကျောက်ရိုးစီရေမြောင်းလုပ်ငန်းများ၊ ပလက်ဖောင်းပြုပြင်ဆောင်ရွက်နေမှုနှင့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများအား လုပ်ငန်းများကို အချိန်မီပြီးစီးနိုင်ရန် ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း အမှိုက်ကန်များလည်း ဆောင်ရွက်ထားရှိပေးရန် လိုအပ်ကြောင်း မှာကြားခဲ့ကြောင်း သိရသည်။

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊ ဂနိုင်ကန်(၃) မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဝင်ရောက်နေမှုနှင့် ရေနှင့်အတူပါလာသော အမှိုက်များကို ဆည်ယူရန်နှင့် ရေစီးရေလာကောင်းမွန်ရေးတို့ကို ဆောင်ရွက်ပေးရန် သက်ဆိုင်ရာဌာနများအားမှာကြားခဲ့ပြီး ဂနိုင်ကန်(၁) အနောက်ဘက်ကန်ဘေးရှိ ရေချောင်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျောင်းကြီးစုရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များအား ရေမြောင်းပေါ် ကျူးကျော်မှု မရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ဝိုင်းဝန်းကြိုးစားပေးကြရန် လိုအပ်ပါကြောင်း မှာကြားခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)