တောင်ကြီး ဇွန် ၁၃
မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဦးမြင့်ဦး၊ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်မြင့်ဝင်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက အမှာစကားပြောကြားပြီး မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နှင့်ပတ်သက်၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသူများက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)နှင့်ပတ်သက်၍ လက်တွေ့စမ်းသပ်အသုံးပြုနေမှုများကို လိုက်လံကြည့်ရှု၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ မေးမြန်းချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် မွန်းလွဲ ၁ နာရီခွဲတွင် ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)သို့ သွားရောက်၍ တက္ကသိုလ်ရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နှင့်ပတ်သက်၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြီး၊ လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဆောင်ရွက်သည်။
ထိုအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဦးမြင့်ဦး၊ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်မြင့်ဝင်းနှင့် တာဝန်ရှိသူများ၊ ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၅၂၅) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်