တာချီလိတ်မြို့၌ စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

တာချီလိတ် ဇွန် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယတန်း၊ အစိုးရပါဠိ ပထမပြန်၊ နိကာယ်၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများတွင် ဖြေဆိုအောင်မြင်ခဲ့ကြသော စာအောင် သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်တို့အား ဘွဲ့လက်မှတ်၊ အောင်လက်မှတ်နှင့် စာအောင် ဆုတော်ငွေများ  ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မကာဟိုခမ်းရပ်ကွက်ရှိ မြို့နယ်ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ တောင်တန်းသာသနာပြု(ဗဟို) ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒဓမ္မ (ဂဏဝါစက/သာသနဓဇ ဓမ္မာစရိယ၊ မဟာဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ)ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး မြို့နယ်သံဃ နာယက ဥက္ကဋ္ဌ နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုဓမ္မ(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) (သာသန တက္ကသီလဓမ္မာ စရိယ B.A Buddhism, M.A သီရိလင်္ကာ)ထံမှ ဩဝါဒကထာ နာယူကြည်ညို ကြသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဝေသုံက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်၊ နိကာယ်၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများတွင် ဖြေဆိုအောင်မြင်ခဲ့ကြသော ဓမ္မာစရိယတန်းအောင် ၃ ပါး၊ နိကာယ်ကျမ်းပြီး ၃ ပါး၊ ပထမလတ်တန်းအောင် ၄ ပါး၊ အခြေပြုမူလတန်းအောင် ၃၉ ပါး၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲအောင်မြင်သည့် သီလရှင် ၇ ပါး၊ လူပုဂ္ဂိုလ် ၁၄ ဦး တို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဝေသုံနှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်များ၊ အောင်လက်မှတ်နှင့် စာအောင်ဆုများ၊ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေသည်။

ဆက်လက်၍ စစ်ဗျူဟာ(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်း နှင့် တာဝန်ရှိသူများက အစိုးရပါဠိပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင် အခမ်းအနား ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ ဆရာတော် သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)