ဆီဆိုင် ဇွန် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြိုနယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်း “လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေးဆောင်ရွက်မည့်လုပ်ငန်း” မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အမှာစကားပြောကြားရာတွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစား စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်ဆိုတဲ့ ဌာနရဲ့ မျှော်မှန်းချက်နှင့်အညီ အသက်မွေးဝမ်းကျောင်း နည်းပညာများ သင်ကြားပေးခြင်း၊ ရိုးရာရက်ကန်းနှင့် ယွန်းထည်လုပ်ငန်းအတတ်ပညာ ဒီပလိုမာ အဆင့်သင်ကြားပေးခြင်း၊ မြန်မာ့ရိုးရာလက်မှုလုပ်ငန်းများဖွံ့ဖြိုးရေး ဆောင်ရွက်ပေးခြင်း၊ အသေးစားစက်မှုထုတ်ကုန်များ အရည်အသွေးမှန်ကန်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရန် ဓါတ်ခွဲစမ်းသပ်ပေးခြင်း၊ အသေးစာစက်မှုလက်မှုလုပ်ငန်းများကို စနစ်တကျမှတ်ပုံတင်ပေးခြင်းစတဲ့ လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိတာကို တွေ့ရပါကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေနဲ့ နည်းပညာသင်တန်းများဖြစ်တဲ့ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းသင်တန်း၊ အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်းနည်းပညာသင်တန်း၊ စက်ချုပ်နည်း ပညာ သင်တန်းနှင့် ယခု ဖွင့်လှစ်သည့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းပညာသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပို့ချလျက်ရှိပါကြောင်း၊ ယခုနှစ် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်းမှာ သာမန်လျာထားသင်တန်းများအပြင် လုပ်ငန်းရှင်များဖြစ်သည်အထိ မွေးထုတ်ပေးမည့် အသေးစား ကုန်ထုတ်လုပ်များဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးရေးစီမံကိန်း (၇)မျိုး အနက် လူငယ်များအလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေးဆောင်ရွက်မည့်လုပ်ငန်း အမျိုးသမီးများအတွက် ဝင်ငွေတိုးရေး ဆောင်ရွက်မည့် လုပ်ငန်း၊ အစားထိုးအသေးစား ကုန်ထုတ်လုပ်ငန်း ဖွံ့ဖြိုးရေးလုပ်ငန်းစတဲ့ စီမံကိန်းအမျိုး အစား(၃)မျိုးကို ကျေးရွာ(၁)ရွာလျှင် စီမံကိန်း(၁)ခုစီဖြင့် ကျေးရွာ (၆)ရွာမှာ အကောင်အထည်ဖော်ဆောင်ရွက်မှာဖြစ်ကြောင်း၊ ဝင်ငွေတိုးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ဒေသလိုအပ်ချက်နဲ့ ကိုက်ညီမှုရှိပြီး ဒေသခံပြည်သူများ တောင်းဆိုတဲ့ နည်းပညာပေးသင်တန်းတွေကို အခြေခံသင်တန်း(၁)ကြိမ်၊ မွမ်းမံသင်တန်း(၁)ကြိမ် ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါကြောင်း၊ သင်တန်းပြီးဆုံးတာနဲ့ သင်တန်းမှ ထူးချွန်သင်တန်းသား (၅)ဦးကို သတ်မှတ်ချက်များနှင့်အညီရွေးချယ်ပြီး လုပ်ငန်းထူထောင်နိုင်ဖိုလိုအပ်တဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းတွေကို ပေးအပ်သွားမှာဖြစ်ပါကြောင်း၊ ဒါကြောင့် စီမံကိန်းလုပ်ငန်း (၁)ခုလျှင် လုပ်ငန်းရှင်(၅)ဦးနှုန်းနဲ့ စီမံကိန်းလုပ်ငန်း(၆)ခုမှာ လုပ်ငန်းရှင် (၅)ဦးနှုန်းနဲ့ စီမံကိန်းလုပ်ငန်း(၆)ခုမှာ လုပ်ငန်းရှင်(၃၀)ဦး ပေါ်ထွက်လာမှာဖြစ်ပါကြောင်း၊ မိမိတို့ကျေးရွာ၊ ရပ်ကွက်၊ ဒေသအတွင်းမှာ တစ်နိုင်တစ်ပိုင် အသေးစားစက်မှုလုပ်ငန်းငယ်များ ပေါ်ထွက်လာပြီး ထိုလုပ်ငန်းများမှသည် အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းရှင်များ ဖြစ်လာသည်အထိ တက်လှမ်းနိုင်အောင် ကြိုးစားကြရန်၊ သို့မှသာ တိုင်းပြည်ဝင်ငွေတိုးတက်ရရှိပြီး နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမှာဖြစ်ကြောင်း၊ သင်တန်းသားများအနေနဲ့ မိမိတို့ ရပ်ကွက်/ကျေးရွာ ဖွံ့ဖြိုးတိုးတက်ဖို့ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက သင်တန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားပြီး ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်လှသိန်းက သင်တန်းသုံးပစ္စည်းကို သင်တန်းသားတစ်ဦးအား ပေးအပ်ခဲ့သည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများသည် သင်တန်းသုံးပစ္စည်းများအား ကြည့်ရှုအားပေးခဲ့ပြီးနောက် သင်တန်းသားများနှင့် စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့သည်။ အဆိုပါ သင်တန်းကို အခြေခံသင်တန်း ဇွန်လ (၁၂)ရက်နေ့မှ ဇူလိုင်လ(၁၁)ရက်နေ့အထိ၊ မွမ်းမံသင်တန်း ဇူလိုင်လ (၂၉)ရက်နေ့မှ ဩဂုတ်လ (၁၂)ရက်နေ့အထိ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ပြီး ဆီဆိုင်မြို့နယ်အတွင်းရှိ သင်တန်းသား (၁၃)ဦး တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)