မိတ္ထီလာ ဇွန် ၁၃
မိတ္ထီလာမြို့ လူထုအခြေပြုဗဟို၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် မူကြိုအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲ မကျင်းပမီ ဦးစွာ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ ရွှေညာမြေမြတ်သင်းကြိုင်က ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ ထိုနောက် ပြိုင်ပွဲကိုကျင်းပရာ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း (မိတ္ထီလာ) မှ မူကြိုကျောင်းသူကျောင်းသား ၁၁ ဦးက စိတ်ကြိုက်ကလေးကဗျာများ ရွတ်ဆိုပါဝင်ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲဝင်များ၏ ပါဝင်ယှဉ်ပြိုင်မှု အခြေအနေကို မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူး စာရေးဆရာကြည်သိန်းဇော်က သုံးသပ်ပြောကြားပြီး ဆုချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ရှင်းလင်းပြောကြားသည်။ ထိုနောက် ပြိုင်ပွဲဝင်မူကြိုကျောင်းသူ၊ ကျောင်းသားများအား ဂုဏ်ပြုဆုကလပ်များကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ချမ်းသာ