မင်္ဂလာဒုံမြို့နယ်တွင် ပြည်သူများအား သွေးတိုး၊ဆီးချိုစစ်ဆေးပေးခြင်းနှင့် COVID-19 ကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်

မင်္ဂလာဒုံ ဇွန် ၁၃

“လူတိုင်းသက်တမ်း‌စေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းရှင်းရေး”ဆိုသည့် ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်(၂)ရပ်နှင့်အညီ ရန်ကုန် တိုင်းဒေသကြီး၊မင်္ဂလာဒုံခရိုင် မင်္ဂလာဒုံမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ဒေသန္တရကျန်းမာရေးဌာနမှ ပြည်သူများကို နေ့စဉ်ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ ပြည်သူများအား သွေးတိုး၊ဆီးချိုစစ်ဆေးပေးခြင်းနှင့် COVID-19 ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ဝင်းဝင်းမာ၏လမ်းညွှန်မှုဖြင့် ဒေသန္တရကျန်းမာရေးဌာနအနေဖြင့်  သွေးတိုး၊ ဆီးချိုလူနာများဖြစ်‌သော သက်ကြီးရွယ်အိုများအား အဓိက ကျန်းမာရေး စောင့်ရှောက်‌ပေးသည့်နေ့(ဗုဒ္ဓဟူးနေ့)အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ သွေးတိုး၊ ဆီးချို ရှိ/မရှိစစ်ဆေး‌ပေးခြင်း၊သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊COVID-19 ကာကွယ်ဆေး(Pfizer JN-1)ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို လူနာ(၂၄၈)ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊အသက်၁၈နှစ်ပြည့်ပြီး ကိုဗစ်-၁၉ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမှ  ထိုးနှံခဲ့ခြင်းမရှိသူများနှင့် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပြီး ခြောက်လပြည့်ပြီးသူ သက်ကြီး ဘိုးဘွားများအားPfizer COVID-19 JN1ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မင်းသိန်းထွန်း