ပျော်ဘွယ် ဇွန် ၁၃
မိတ္ထီလာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ပလတ်စတစ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီ က မယ်ဇလီအိုင့်ကျေးရွာ ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး ဒေါ်အေးစန္ဒာက ကျေးရွာပြည်သူများ သိရှိထားသင့်သည့် ပလတ်စတစ်သုံးစွဲခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်လာမှု အခြေအနေများ၊ ပလတ်စတစ် သုံးစွဲမှုလျှော့ချရမည့်နည်းလမ်းများ စသည်တို့ကို အပြန်အလှန်ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်ကျင်းပပြုလုပ်ခဲ့သည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော ကျေးရွာစီမံကိန်းပြိုင်ပွဲတွင် ဂုဏ်ပြုဆုရရှိခဲ့သည့် မယ်ဇလီအိုင့်ကျေးရွာအား ဆုလက်မှတ်ကို ပေးအပ်ချီးမြှင့်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ထွေးက လက်ခံရယူခဲ့ကြောင်း၊ ပလတ်စတစ်အန္တရာယ်ကာကွယ်ရေးအတွက် ပြန်လည်ဆွေးနွေးနိုင်သည့် ကျေးရွာပြည်သူများကိုလည်း အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)