တံတားဦးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) မျိုးစပါး ၊ သဘာဝမြေဩဇာနှင့် စိုက်ပျိုးစရိတ်ချီးမြှင့်ငွေများ ထောက်ပံ့

တံတားဦး ဇွန် ၁၃

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)မှ ငလျင်ဘေးဒဏ်ထိခိုက်နစ်နာသူများအတွက် တောင်သူများအား ဧရာမင်းမျိုးစပါး၊ သဘာဝမြေဩဇာနှင့် စိုက်ပျိုးစရိတ်ချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင် တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကနေဒီထွန်းက အမှာစကားပြောကြားရာတွင် ဘေးသင့်ပြည်သူများအတွက် စိုက်ပျိုးရေးလုပ်ငန်းကို ပြန်လည်ကုစားပေးခြင်းအတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ယခု ထောက်ပံ့ပေးသော စိုက်ပျိုးရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို မိမိတို့လယ်ယာလုပ်ငန်းတွင် အကျိုးရှိရှိအသုံးပြုစေလိုက်ကြောင်းနှင့် စိုက်ပျိုးရေးအတွက် လိုအပ်သည့်နည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ(ICRC)မှ ဦးစိုးသူလင်း တောင်သူပညာရှင်က ပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)သည် ဘက်လိုက်မှုကင်း၍ ကြားနေကာ ခွဲခြားမှုမရှိဘဲလုပ်ငန်းများကို လွတ်လပ်စွာဆောင်ရွက်သည့် လူသားအချင်းချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခနှင့် အခြားသော အကြမ်းဖက်မှု အခြေအနေများကြောင့် ထိခိုက်ခံစားရသူကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များပေးသည့် အဖွဲ့အစည်းဖြစ်ပါကြောင်း ယခုမိမိတို့ကော်မတီမှ ထောက်ပံ့မှုအစီအစဉ်မှ ရွေးချယ်ခံရသော အိမ်ထောင်စုတစ်စုလျှင် ဧရာမင်း မျိုးစပါး(၃)တင်း၊ သဘာဝမြေဩဇာ(50 kg)ပါ(၂)အိတ်နှင့် စိုက်ပျိုးရေးအတွက် ထောက်ပံ့ငွေကျပ် (၃)သိန်း(၆) သောင်းတို့ဖြစ်ပါကြောင်း၊ ထိုငွေများကိုထိခိုက်ခံရသော မိသားစုများအတွက် စိုက်ပျိုးစရိတ် ထောက်ပံ့‌ငွေအဖြစ် သုံးစွဲရန်ရည်ရွယ်ပါကြောင်း  အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)မှ တာဝန်ရှိသူများက စိုက်ပျိုးရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ကို တောင်သူများလက်ဝယ်အရောက် အသီးသီးပေးအပ်ကြသည်။

တံတားဦးမြို့နယ်အနေဖြင့် ဘေးဒဏ်ထိခိုက်ခံစားရသည့် ကျေးရွာအုပ်စုများဖြစ်သော မီးသွေးတိုက်ကျေးရွာအုပ်စု၊ ကန်ချောကျေးရွာအုပ်စု၊ အိမ်ကန်ကျေးရွာ အုပ်စု၊ မြင်းစိုင်းကျေးရွာအုပ်စု၊ သိန္နီကန်ကျေးရွာအုပ်စုနှင့် နွားခြံကြီးကုန်းကျေးရွာအုပ်စုတို့မှ တောင်သူပေါင်း(၆၀၀)ဦးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရဲတင့်( ပြန်/ဆက်)