ပြင်ဦးလွင် ဇွန် ၁၃
လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် စနိုးကွင်းကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပရာ ရှေးဦးစွာ စနိုးကွင်း ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြင်ဦးလွင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ကြူကြူက “စာဖတ်ခြင်း၏ အကျိုးကျေးဇူး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းမင်းအောင်က ကျန်းမာရေး အသိပညာ ဗဟုသုတများ၊ မြန်မာစာပေ ယဥ်ကျေးမှုအသင်းဥက္ကဋ္ဌ စာရေးဆရာ ကိုရွှေအောင်သင်းက” လူငယ်နှင့်အနာဂတ်နိုင်ငံ တော်” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါ ဟောပြောချက်များနှင့် ပတ်သတ်၍ ကျောင်းသား/ကျောင်းသူများအား မေးမြန်းခဲ့ရာ ကျောင်းသား/ကျောင်းသူများက မေးမြန်းချက်များအား ပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်၍ ဆွေးနွေးမေးမြန်းချက်များအား ပြန်လည်ဖြေကြားပေးခဲ့သော ကျောင်းသား/ ကျောင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် ကျောင်းသား/ကျောင်းသူများအား ဗဟုသုတရဖွယ် နံရံကပ်စာစောင်များ ခင်းကျင်းပြသပေးသည်။ အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ (၂၀၀)ဦး တက်ရောက်ခဲ့သည်။
သွေးသွေး (ပြန်/ဆက်)