ပျော်ဘွယ်မြို့နယ်၊ မယ်ဇလီအိုင့်ကျေးရွာတွင် တစ်ပိုင်တစ်နိုင်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ပျော်ဘွယ် ဇွန် ၁၃

ပျော်ဘွယ်မြို့နယ်၊ မယ်ဇလီအိုင့်ကျေးရွာပြည်သူများ၏ စုပေါင်းဆောင်ရွက်မှုဖြင့် တစ်ပိုင်တစ်နိုင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက်(၈)နာရီက ကျေးရွာအဝင်လမ်းဘေးနှင့် အခြေခံပညာမူလတန်းကျောင်းဝင်းတွင် ပျော်ရွှင်စွာ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးမှူး ဦးအောင်ခင်ဦးနှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပေးကြမည့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပြည်သူများကို ပျိုးပင်များပေးအပ်ကြသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း၊ စိန်ပန်းပြာ၊ သပြေဘူတ၊ တမာ၊ အောင်သပြေ၊ ခရေ၊ ကန့်ကော်၊ စက္ကူပန်းပင် စသည့် ပျိုးပင်(၂၅၀)ကို သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာ သူများက ပျော်ရွှင်စွာစုပေါင်း စိုက်ပျိုးပေးခဲ့ကြပြီး စာသင်ကျောင်းများ၊ ဌာနဆိုင်ရာများ၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလိုသူများရှိပါက မြို့နယ်သစ်တောဦးစီးဌာနရုံး ပျိုးဥယျာဉ်တွင် အခမဲ့လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)