မင်္ဂလာဒုံမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်၊ အဘိတ်ဆေးခပ်ခြင်း ကျန်းမာရေးအသိပညာပေးကွင်းဆင်းဆောင်ရွက်လျက်ရှိ

မင်္ဂလာဒုံ ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံခရိုင်၊မင်္ဂလာဒုံမြို့နယ်တွင် ပြည်သူများသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်း၊ကျန်းမာရေးအသိပညာပေးဟောပြောခြင်းလုပ်ငန်းများကို ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းက ရပ်ကွက်များတွင် လူနေအိမ်များသို့ ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာ ဒေါ်ဝင်းဝင်းမာ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များလိုက်ပါလျက် မိုးရာသီကာလအတွင်း ခြင်၊ပိုးလောက်လန်းများ ပေါက်ဖွားမှုမရှိစေရန်၊ ရေကန်များအား ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း ဆောင်ရွက်ပြီး ရေကန်များအတွင်း အဘိတ်ဆေး(Abate)ခပ်ခြင်းနှင့် အသိပညာပေးဟောပြောခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

မိုးရာသီကာလအတွင်း မြို့နယ်အတွင်းရှိ ရပ်ကွက်များမှနေအိမ်များရှိ သောက်သုံးရေကန်များ၊ ရေစည်၊ ရေအိုးများအားအဘိတ်ဆေးခတ်ခြင်း၊ ခြင်ပေါက်ဖွားမှုမရှိစေရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်းအဖွဲ့သည် ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ကျောင်းများနှင့်ကျန်ရှိနေသော ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မင်းသိန်းထွန်း