ကော့မှူးမြို့နယ် သရက်တောကျေးရွာ၌သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး

ကော့မှူး ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကျုံဒရယ်ကျေးရွာ RHC ၊ သမင်ခြံ SC ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်က သရက်တောကျေးရွာ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁) ဦးစိုးဝင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများတို့က သရက်တောကျေးရွာတွင် Fever Surveillance ပြုလုပ်ခြင်း၊ သံသယလူနာများအား Test Kit ဖြင့် စစ်ဆေးခြင်း ကျန်းမာရေးအသိပညာပေးခြင်း၊ အဘိတ်ဆေးခတ်ခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ကျန်းမာရေးမှူးအဆင့်(၁) ဦးစိုးဝင်းထွန်း သွေးလွန်တုပ်ကွေးရောဂါသည် ကြိုတင်ကာကွယ်နိုင်သည့်အတွက် နေ့ခင်း၊ နေ့လယ်အချိန်များတွင် ခြင်ကျားအကိုက်မခံရအောင် နေထိုင်ကြရန်၊ သွေးလွန်တုပ်ကွေးရောဂါကူးစက်ပုံ၊ အိမ်ပြင်ပတွင် ခြင်ကျားပေါက်လေ့ရှိသော နေရာများ၊ ခြင်ကျားကိုက်လေ့ရှိသောအချိန်၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနည်းလမ်းများ၊ သွေးလွန်တုပ် ကွေးရောဂါဖြစ်ပွားချိန်၊  သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများ၊ ဖျားနာသော လူနာအားအိမ်တွင်းပြုစုနည်းများ၊ သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုနှင့် ပတ်သက်၍ သိရှိလိုက်နာရမည့်အချက်များအား ကျေးရွာနေပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြောခဲ့ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)