လူမှုရေးရာဝန်ကြီး ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတက်ရောက်

မော်လမြိုင်       ဇွန်   ၁၂

၂၀၂၅ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက ပြည်နယ်လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

ဦးစွာ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ မွန်ပြည်နယ် ဦးစောကြည်နိုင်က အဖွင့်အမှာ စကားပြောကြားရာတွင် ကလေးအလုပ်သမား တိုးပွားလာမှုကို ကာကွယ်တားဆီးနိုင်ရန်အတွက် လူမှုအကာအကွယ်ပေးရန်၊ ဆင်းရဲနွမ်းပါးသည့် မိသားစုများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်၊ သက်မွေးသင်တန်းကျောင်းများ ဖွင့်လှစ်ပေးရန်၊ အရွယ်ရောက်ပြီးသူများအတွက် သင့်လျော်သော အလုပ်အကိုင်များပေးရန်အတွက် သက်ဆိုင်ရာလုပ်ငန်း ဆပ်ကော်မတီများမှလည်း ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း၊ လုပ်ငန်းပိုင်ရှင်/မန်နေဂျာများအနေဖြင့် ကလေးအလုပ်သမားများအား ခိုင်းစေရာတွင် ကလေးအလုပ်သမားများနှင့်ပတ်သက်၍ ပြဋ္ဌာန်းထားသည့် ဥပဒေများအား သိရှိနားလည်စေနိုင်ရန်အတွက် ဥပဒေပါ ပြဋ္ဌာန်းချက်များအား သက်ဆိုင်ရာဌာနများမှ ရှင်းလင်းဆွေးနွေးပေးသွားမှာ ဖြစ်ပါ‌ကြောင်း၊ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် ကလေးအလုပ်သမား ပပျောက်ရန်မှာ မဖြစ်နိုင်သေးသည့်အတွက် ကလေးအလုပ်သမားများအား ခိုင်းစေသည့် လုပ်ငန်းရှင်များအနေဖြင့် ကလေးအလုပ်သမားများအား ဘေးအန္တရာယ်ရှိစေသော၊ ကျန်းမာရေးကို ထိခိုက်စေနိုင်သော၊ ပညာသင်ကြားနိုင်သည့် အခွင့်အရေးကို အနှောင့်အယှက် မဖြစ်စေနိုင်သော၊ စာရိတ္တနှင့် ဂုဏ်သိက္ခာကို မထိခိုက်စေနိုင်သော နည်းလမ်းများဖြင့်သာ ခိုင်းစေသွားကြပါရန်နှင့် ကလေးအလုပ်သမားများ၏ အသိပညာ၊ အတတ်ပညာများအား တိုးတက်စေရေး အခွင့်အလမ်းများ ဖော်ဆောင်ပေးကြပါရန်နှင့် မွန်ပြည်နယ်အတွင်း ကလေးအလုပ်သမား လျော့နည်းပပျောက်စေရေးအတွက် ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ထိုနောက် မွန်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဒေါ်ခိုင်ဇာဝင်းတင်က ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အကြောင်းအရာများအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းဆပ်ကော်မတီအတွင်းရေးမှူး ကိုယ်စား ဒုတိယညွှန်ကြားရေးမှူး ဒေါ်စုမြတ်နွယ်က အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာဥပဒေရေးရာ လုပ်ငန်းဆပ်ကော်မတီ ဒေါ်မိုးနှင်းလွင်က ကလေးအလုပ်သမား အတွင်းရေးမှူး ခိုင်းစေခြင်းနှင့် စပ်လျဉ်းသည့် မူဝါဒနှင့် ဥပဒေအကြောင်း အရာများအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ကော်မတီဝင်များ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကာ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာလုပ်ငန်း ကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)