တံတားမြို့တွင် မိုးစပါး(၅၈၁၃)ဧက လျာထားစိုက်ပျိုးမည်

တံတား ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် သီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး(၅၈၁၃)ဧကစိုက်ပျိုးရန်လျာထားကြောင်းကို တံတားမြို့ စိုက်ပျိုးရေးဦးစီးဌာနမှသိရပြီး မိုးစပါး မျိုးစေ့ချ အစေ့စိုက်ပျိုးခြင်းကို တံတားမြို့တွင် ယနေ့နံနက် (၈) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

တံတားမြို့တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး(၅၈၁၃)ဧကစိုက်ပျိုးရန် လျာထားပြီး လက်ရှိအချိန်တွင် မိုးစပါးစိုက်ပျိုးနိုင်ရန် လယ်ယာများထွန်ယက်ပြုပြင်ခြင်း၊ စပါးများ ပျိုးထောင်ခြင်း လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။ စပါးစိုက်ပျိုးရာတွင် အချို့က တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးပြီး အချို့က မျိုးစေ့ချစက်ကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုးကြသည်။ တံတားမြို့အနေဖြင့်လည်း တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်းနှင့် မျိုးစေ့ချစက်ကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုးနည်း နှစ်မျိုးစလုံးအသုံးပြုပြီး စိုက်ပျိုးကြသည်။

မိုးစပါးပိုးမွှားကျရောက်မှုသည် သဘာဝပတ်ဝန်းကျင်ရာသီဥတုနှင့် ဆက်စပ်လျက်ရှိပြီး မိုးရာသီတွင် ဘတ်တီးရီးယားရွက်ခြောက်ရောဂါ ကျရောက်မှုဆိုးရွားနိုင်ပြီး ရွက်ပြားမျိုးနွယ်ဝင်အုပ်စု ပေါင်းမြတ်များ ပိုမိုပေါက်ရောက်လေ့ရှိသည်။ စပါးပင်များကြီးထွားရန်နှင့် ပိုးမွှားအန္တရာယ်ကာကွယ်ရန် ဓာတ်မြေသြဇာအသုံးပြုရန် လိုအပ်ကြောင်း၊ ဓာတ်မြေသြဇာအသုံးပြုခြင်းဖြင့် စပါးပင်ရှင်သန်ကြီးထွားရေး၊ ပွင့်သီးရေးတို့အတွက် လုပ်ငန်းအဝဝကို အစဉ်လည်ပတ်နေစေရန် လိုအပ်သည့် Phosphorous၊ Nitrogen၊ Potassium ဓာတ်များရရှိစေသည်။ ထိုလုပ်ငန်းစဥ်များအပြင် စိုက်ပျိုးရေးနည်းစနစ်များ၊ မှန်ကန်စေရန် စိုက်ပျိုးရေးဦးစီးဌာနမှ သင်ကြားပေးလျက်ရှိသည်။ ထိုသို့ဓာတ်မြေသြဇာကောင်းများ၊ စိုက်ပျိုးရေးနည်းစနစ်ကောင်းများကို အသုံးပြုသည့်အတွက် နှစ်စဥ်စပါးအထွက်နှုန်း တိုးလျက်ရှိကြောင်း သိရသည်။

 ခန့်စည်သူဝင်း(ပြန်/ဆက်)