ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားရရှိစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်

ဆိပ်ကြီးခနောင်တို ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှတဆင့် အသိပညာ၊ ဗဟုသုတ တိုးပွားရရှိစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးရည်ရွယ်၍  နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ခနောင်တိုအနောက်ရပ်ကွက်ရှိအမှတ် (၅)နှင့် အမှတ်(၁၃)အခြေခံပညာ မူလတန်းကျောင်းတို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါ်သဇင်ဦးက ကျောင်းသား၊ ကျောင်းသူများအားကျောင်းစာအပြင် အခြားအသိပညာဗဟုသုတများ တိုးပွားရရှိစေရေးအတွက် ငယ်စဉ်ကတည်းကစာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူထားရှိရေး၊ ကျောင်းသား၊ ကျောင်းသူများဖတ်ရှုရမည့် စာပေရွေးချယ်မှုအကြောင်း၊ စာပေဖတ်ရှုမှတ်သားမှုနည်း စနစ်အကြောင်း၊ စာပေဖတ်ရှုမှတ်သားခြင်းဖြင့် ရရှိလာမည့်အကျိုး ကျေးဇူးများ အကြောင်း ပညာပေး‌ဟောပြောခြင်းနှင့် ကျောင်းသား၊  ကျောင်းသူများအနေဖြင့် ကျောင်းပိတ်ရက်များ တွင် မိမိတို့ ပြည်သူ့ စာကြည့်တိုက်ရှိ  စာဖတ်ခန်းသို့ လာရောက်၍  ပညာပေး ရုပ်ပြ ကာတွန်းများ၊ ပုံပြင်စာအုပ်များ၊ အပတ်စဉ်ထုတ် ရွှေသွေး၊ တေဇအစရှိသည့် စာအုပ်စာစောင်များကိုလည်း အခမဲ့ဖတ်ရှု၍ ရပါကြောင်း၊ စာစီစာကုံး ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ စသည့် ပြိုင်ပွဲများအတွက် အချက်အလက်များ လေ့လာဖတ်ရှု ရှာဖွေစုဆောင်းလိုပါကလည်း မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် လာရောက်ရှာ‌ဖွေ လေ့လာဖတ်ရှု ငှားရမ်းနိုင်ပါကြောင်း အသိပေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး၊  လူကုန်ကူးမှု တားဆီး ကာကွယ်ရေးအကြောင်း အသိပညာပေး နံရံကပ်စာစောင်များနှင့် ပညာပေး ရုပ်ပြစာအုပ်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)