ချောင်းဆုံ ဇွန် ၁၂
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)၌ ၂၀၂၅ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မေလ (၁၉) ရက်နေ့မှစတင်၍ ထုတ်ချေးပေးလျက်ရှိရာ ဇွန်(၁၂)ရက်နေ့အထိ ကျေးရွာ (၁၅)ရွာမှ တောင်သူ (၅၂၅)ဦး၏ စိုက်ဧက (၃၃၉၄)ဧကအတွက် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေ (၅၀၉,၁၀၀,၀၀၀)ကျပ် ထုတ်ပေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ချေးငွေထုတ်ယူမည့် တောင်သူများအနေဖြင့် ပုံစံ(၇) အမည်ပေါက် ရှိရမည်ဖြစ်ပြီး မိုးစပါး ချေးငွေစိစစ်ရေးအဖွဲ့၏ ထောက်ခံချက်၊ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးမှတ်ပုံတင် ကတ်ပြားတို့ပါရှိမှသာ စိုက်ပျိုးချေးငွေများ လာရောက်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း မိုးစပါး စိုက်ဧက တစ်ဧကလျှင် တစ်သိန်းငါးသောင်းနှုန်းဖြင့် ထုတ်ချေးပေးခဲ့ပြီး တောင်သူတစ်ဦးလျှင် အများဆုံး(၁၀)ဧကအထိ ထုတ်ချေးပေးခဲ့ကြောင်းနှင့် ချေးငွေများကို လုပ်ငန်းခွင်များတွင် အကျိုးရှိရှိ အသုံးပြုကြရန် လိုအပ်ကြောင်း မြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ) မန်နေဂျာ ဒေါ်သီတာထွန်းက ပြောသည်။
အဆိုပါ ချေးငွေများကို ယနေ့တွင် (ကမနင်း၊ တကူပတီ၊ မုကွဲ)ကျေးရွာမှ တောင်သူ (၁၃၈)ဦး၏ စိုက်ဧက (၉၇၂)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ (၁၄၅,၈၀၀,၀၀၀)ကျပ် ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်အတွင်း ကျေးရွာအုပ်စု(၄၆)စုမှ မိုးစပါးစိုက်ဧက စုစုပေါင်း(၃၄,၄၄၂)ဧကအတွက် ချေးငွေစုစုပေါင်း ငွေကျပ် (၅၁,၆၆၃)သိန်းခန့်အား ထုတ်ချေးပေးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး ကျန်ကျေးရွာများအားဆက်လက် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
ကိုကျော်(ချောင်းဆုံ)