မွန်ပြည်နယ်ဝန်ကြီးချုပ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်(၃၀)ပြည့်  စုပေါင်းသွေးလှူဒါန်းပွဲ တက်ရောက်

မော်လမြိုင် ဇွန် ၁၂

၂၀၂၅ ခုနှစ် ဇွန်လ(၁၂)ရက်နေ့တွင် ကျရာက်သည့်နှစ်(၃၀)ပြည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနေ့ကို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံ၌ ကျင်းပပြုလုပ်ရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သွေးလှူရှင်များ တက်ရောက်သည်။

ရှေးဦးစွာ ပြည်နယ်/ ခရိုင်/ မြို့နယ် မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် ကွပ်ကဲမှုအောက် မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းကြမည့် ၀န်ထမ်းများအား ပြည်သူ့‌ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက သွေးအလှူရှင်များအား လိုအပ်သည့်ကျန်းမာရေးစစ်ဆေးခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သွေးအုပ်စုခွဲခြားခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်​တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဝန်ထမ်း(၁၅)ဦးတို့၏ စုပေါင်းသွေးလှူဒါန်းနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး သွေးလှူဒါန်းကြသူများအား အလှူငွေ၊ အာဟာရဖြည့်စွက်စာ ကြက်ဥနှင့်ပဲနို့တို့ကို ပေးအပ်ခဲ့ပြီး ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာအား ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာနိုင်ဦးမှ ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းထံ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)