မြစ်ကြီးနား ဇွန် ၁၂
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူယမန်နေ့ညနေ ၃ နာရီခွဲက မြစ်ကြီးနားမြို့နယ် ပလနကျေးရွာအုပ်စု၊ ငွေပျော်စံပြကျေးရွာအနီး ဆင်အိုင်ကွင်းအတွင်း မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ဆင်အိုင်ကွင်းအတွင်း ပိုင်ရှင်ဦးသိန်းဝင်း၏ ကြက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် မြေဧရိယာ (၇ ဒဿမ ၃၀ )ဧက အတွင်း မွေးမြူရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ကွင်းအတွင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ကိုင်ခွင့် လျှောက်ထားမှု အပေါ် ခွင့်ပြုပေးခဲ့သည့် အခြေအနေများ၊ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြလျှောက်ထားမှုများအပေါ် စိစစ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် ဆောင်ရွက်ရာတွင် မိမိတို့အနေဖြင့် ဒေသတွင်း သား၊ ငါးနှင့် ဥစားသုံးမှု ဖူလုံစေရေးအတွက် ရေရှည်ရည်မှန်းချက် ထား၍ နိုင်ငံတော်၏မူဝါဒနှင့်အညီ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို မွေးမြူရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများအတွက် စိစစ်ဆောင်ရွက်ပေးနေမှု ကြက်၊ ဝက်၊ နွားများ မွေးမြူနိုင်သည့် ဇုံငယ်တစ်ခု အဖြစ် အမှန်တကယ် လုပ်ငန်းဆောင်ရွက်လျက်ရှိသူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်ပေးနိုင်ရေးနှင့် ငွေပျော်ကျေးရွာနေပြည်သူများကိုလည်း အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနှင့် လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပိုင်ရှင် ဦးသိန်းဝင်း၏တည်ဆောက်ပြီး ကြက်ခြံအတွင်း အသားတိုးကြက်ကောင်ရေ(၆၀၀၀)ကျော် မွေးမြူထားရှိမှု အခြေအနေများကို လည်းကောင်း၊ ကြက်ခြံအသစ် တိုးချဲ့တည်ဆောက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ် ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ငွေပျော်စံပြကျေးရွာသို့သွားရောက်၍ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အဖွဲ့ဝင်များ နှင့်အတူ ကျေးရွာဘောလုံးကွင်းမြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဘောလုံးကွင်း ဧရိယာတိုးချဲ့ နိုင်ရေးနှင့် ရေဝပ်မှုမရှိစေရေး ရေနှုတ်မြောင်းများ စနစ်တကျ တူးဖော်နိုင်ရေး၊ ကျေးရွာအဝင် လမ်းမတစ်လျှောက် လမ်းဘေးဝဲ/ယာတွင် အရိပ်ရအပင်ကြီးမြန်သည့် မန်ဂျန်ရှားပျိုးပင်များ စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ဆင်အိုင်ကွင်းအတွင်း မြစ်ကြီးနားမြို့နယ်၏ စွန့်ပစ်အမှိုက်များအား စွန့်ပစ်ဖျက်ဆီး နိုင်ရေးအတွက် တိုးချဲ့ဆောင်ရွက်ထားရှိသည့် အမှိုက်ကန်မြေနေရာများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြက အဆိုပါအမှိုက်ကန်သွားလမ်းသည် ဒေသခံများ၏ စိုက်ပျိုးရေး ကုန်ထုတ်လမ်း ဖြစ်သည့်အတွက် ရေကျော်နေရာများအား စနစ်တကျ ဖောက်လုပ်ပေး နိုင်ရေးနှင့် ရေဝပ်နေရာများမှ ရေများအား နန်းကွေ့ချောင်းအတွင်း လွတ်လပ်စွာ စီးဆင်းနိုင်ရေးအတွက် ရေနှုတ်မြောင်းဖောက် လုပ်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)