ဆိပ်ကြီးခနောင်တို ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့ပူးပေါင်းပြုလုပ်သည့် မြင်းကောင်ရေ ၂၀ ထက်မပိုသော စက်တပ်ရေယာဥ် သမ္ဗန်ငယ်များ မိုးကြိုကာလ ရေကြောင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြော ဆွေးနွေးပွဲနှင့် စက်တပ်ရေယာဥ်ငယ် မောင်းနှင်ခွင့်သင်တန်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ ဟောပြောပွဲတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်က အဖွင့်အမှာ စကားပြောကြားပြီး၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးတင့်ထူးအောင်က ဟောပြောပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အမှတ် (၃) ရေကြောင်းရဲတပ်ဖွဲ့မှ ဒု-ရဲမှူး နန္ဒက ရေကြောင်းသွားလာမှု သတ်မှတ်စည်းကမ်း ဥပဒေများကိုလည်းကောင်း၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ရေယာဥ်အုပ် သင်တန်းနည်းပြ ဦးတင်ထွေးမှ မြင်းကောင်ရေ ၂၀ အောက် စက်တပ်ရေယာဥ် သမ္ဗန်ငယ်များ မောင်းနှင်ရာတွင် ရေကြောင်းအန္တရာယ်ကင်းရှင်းရေးလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို လည်းကောင်း အသီးသီး အသိပညာပေး ဟောပြောဆွေးနွေးကြသည်။
ထို့နောက် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများက စက်တပ် ရေယာဥ်ငယ် မောင်းနှင်ခွင့် သင်တန်းအဖြစ် စက်တပ်ရေယာဥ်ငယ် မောင်းနှင်ရာတွင် အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ရေးအတွက် “ရေယာဥ်ငယ် မောင်းနှင်သူများလိုက်နာကျင့်သုံးရမည့်အချက်များ၊ စက်တပ်ရေယာဥ်မောင်းနှင်သူများ လိုက်နာရန်စည်းကမ်းချက်များ၊ ရေယာဥ်ပေါ်တွင်ထားရှိရမည့်ပစ္စည်းများ၊ ရေကြောင်းအချက်ပြမှုအမှတ်အသားများ၊ ရေကြာင်းသွားလာ ရာတွင်ရာသီဥတုအခြေအနေ သတိထားရမည့်အချက်များကို စက်တပ်ရေယာဥ် မောင်းနှင်သူများအား ဟောပြောပို့ချပေးခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ရွှေရန်ကုန် စက်တပ်ရေယာဥ်သမ္ဗန်လိုင်းမှ တာဝန်ရှိသူများနှင့် စက်တပ်ရေယာဥ်မောင်းနှင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝေယံ (ပြန်/ဆက်)