သာကေတ ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ၄/ မြောက်ရပ်ကွက်အောင်ဇေယျလမ်းရှိ သဗ္ဗမင်္ဂလသာသနဗိမာန်တော်ကြီး၌ ဇွန် ၁၁ ရက် နံနက် ၁၀ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သာကေတမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ၄/မြောက်ရပ်ကွက်၊ ၄ / တောင်ရပ်ကွက်နှင့် ၅/ရပ်ကွက်တို့အတွင်း ကွင်းဆင်းဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစီစစ်ရေးကတ်ပြားများပေးအပ်ပွဲ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစံသိန်းက ပန်းခင်းစီမံချက်အဆင့်(၃)ကွင်းဆင်းပြုလုပ်ပေးရခြင်း အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဥပဒေအရကိုင်ဆောင်ခွင့်ရှိသည့် နိုင်ငံသားစိစစ်ရေးကတ်/ဧည့်နိုင်ငံသား/ နိုင်ငံသားပြုလက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်ခွင့်ရရှိနိုင်ရန်အတွက် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ဆောင်ရွက်ပြီးစီးသည့် အသက်(၁၆)နှစ်နှင့်အသက်(၁၈)နှစ်ကြား၊ အသက် (၁၈) နှစ်အထက်ရှိ ၄ / မြောက်ရပ်ကွက်မှ (၁၄) ဦး၊ ၄ / တောင်ရပ်ကွက်မှ (၄)ဦး ၊ ၅ / ရပ်ကွက်မှ (၁၀) ဦး စုစုပေါင်း(၂၈)ဦးအား နိုင်ငံသားစီစစ်ရေးကတ်ပြားများနှင့်အတူ Biometric UID ကတ်များကို မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၂) ဦးညွန့်ဝေ၊ သာကေတမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ် ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစံသိန်း၊ ၄/မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထွေးနှင့် ၄/တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းမင်းတို့က ပြည်သူများ လက်ဝယ်အရောက် အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
သဲထက်ဇင် (ပြန်/ဆက်)