မြင်းခြံမြို့၌ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ ပြုလုပ်

မြင်းခြံ ဇွန် ၁၂

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားခဲ့သော တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယနေ့နေ့လယ် (၂) နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းထွန်းက သင်တန်းဆင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းမှ ထွက်ရှိသည့် စားသောက်ကုန်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းထွန်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းမြင့်ထွန်းတို့မှ ပေးအပ်ခဲ့ရာ သင်တန်းသား/သင်တန်းသူ အသီးသီးက လက်ခံရယူခဲ့သည်။ ဆက်လက်၍ သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်းအတွက် သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသူ ဒေါ်ဝါဝါမိုးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် စားသောက် ကုန်ထုတ်လုပ်နည်း (၁၂) မျိုး သင်ကြားပေးခဲ့ပြီး သင်တန်းကို သင်တန်းသား/သင်တန်းသူ (၂၀) ဦး တက်ရောက်သင်ကြားခဲ့ကြကြောင်း သိရသည်။                        

ကျော်စွာ(မြင်းခြံ)