ဒဂုံ(ဆိပ်ကမ်း ) ဇွန် ၁၂
"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခြင်းနှင့် Biometric ကောက်ယူခြင်းကို ဇွန်လ ၁၀ ရက်နေ့နံနက်၁၀နာရီအချိန်ကအမှတ်(၁၆၈)ရပ်ကွက်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခန်းမ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအေးကျော်က မြန်မာနိုင်ငံအတွင်းနေထိုင်ကြသော တိုင်းရင်းသားများအား တရားဝင် နိုင်ငံသားအဖြစ်နေထိုင်နိုင်သောကတ်ပြားများကို ထုတ်ပေးခြင်းဖြစ်ကြောင်း၊ မိမိတို့ဘဝသက်တမ်းတစ်လျှောက်တွင် ယခုထုတ်ပေးခဲ့သော ဂဏန်း ၆လုံးပါကတ်ပြားကိုသာ ကိုင်ဆောင်ရမည်ဖြစ်ကြောင်းနှင့် အသက်၁၈နှစ်ပြည့်ပါကလဲလှယ်ရမည်ဖြစ်ကြောင်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်ပက်သက်၍ အသိပညာပေးဟောပြောခဲ့သည်။ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးကျော်မိုးကြည်က ကျောင်းသား/ကျောင်းသူများအား အမှာစကား ပြောကြားခဲ့သည်။ထို့နောက် ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့်ပြီးသော ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၀၅ ကတ်အား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးကျော်မိုးကြည်နှင့် မြို့နယ်လဝကဦးစီးမှူးဦးအေးကျော်တို့က ကျောင်းသား/ကျောင်းသူများ လက်ဝယ်အရောက်ပေး အပ်ခဲ့ပြီး Biometric ကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အသက်(၁၀)နှစ်ပြည့်နှင့် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားအရည်အချင်းပြည့်မီသူများအား ထုတ်ပေးလျက်ရှိကြောင်းနှင့် ရပ်ကွက်/ကျေးရွာများသို့ နေ့စဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ဖြိုးစန္ဒာ