ကျိုင်းတုံမြို့နယ်တွင် ရာဂီမုန်တိုင်းနှင့် ဆက်စပ်သည့် ရေကြီးရေလျှံမှုများကြောင့် ပျက်စီးခဲ့သည့် လယ်ယာမြေများနှင့် ငါးကန်များအတွက် ငွေနှင့် ငါးသားပေါက်များပေးအပ်

ကျိုင်းတုံ ဇွန် ၁၂

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ရာဂီမုန်တိုင်းနှင့် ဆက်စပ်သည့် ရေကြီးရေလျှံမှုများကြောင့် ပျက်စီးခဲ့သည့် လယ်ယာမြေများနှင့် ငါးကန်များအတွက် ငွေနှင့် ငါးသားပေါက်များ  ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုးဝေက အမှာစကားပြောကြားပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောမင်းသူက ကျိုင်းတုံမြို့နယ်တွင် ရာဂီမုန်တိုင်းနှင့် ဆက်စပ်သည့် ရေကြီးရေလျှံမှုများကြောင့် ပျက်စီးခဲ့သည့် လယ်ယာမြေများနှင့် ငါးကန်များအတွက် ငွေနှင့် ငါးသားပေါက်များ  ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက ရာဂီမုန်တိုင်းကြောင့် ကျိုင်းတုံမြို့နယ်တွင် ပျက်စီးခဲ့သည့် လယ်ယာမြေများမှ စပါးစိုက်တောင်သူများအတွက် တစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် စုစုပေါင်း ဧက (၂၂၂) အတွက် ငွေကျပ် (၂၂,၂၀၀,၀၀၀) ကို ‌လည်းကောင်း၊ ရာဂီမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့်  ငါးကန်များမှ ငါးမွေးမြူသူ (၅၅) ဦး၊ တစ်ဧက ‌ဒေသငါးသား‌ပေါက် ကောင်ရေ (၁၀၀၀) နှုန်းဖြင့်  စုစု‌ပေါင်း (၂၁၂) ဒသမ (၆၈) ဧက အတွက် ဒေသငါးသား‌ပေါက် ကောင်ရေ (၂၁၂၆၈၀) ကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)