ကျိုင်းတုံမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

ကျိုင်းတုံ ဇွန် ၁၂

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

စုပေါင်းသွေးလှူဒါန်းပွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်-၂၊ ဦးမင်းညို၊ အဖွဲ့ဝင်-၃ ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးအောင်မြတ်သာတို့က အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဒုတိယပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများမှ ဝန်ထမ်း ၂၂ ဦးတို့ စုပေါင်းသွေးလှူဒါန်းမှုကို ကြည့်ရှုအားပေးကာ သွေးလှူရှင်များအား အာဟာရပြည့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့‌နောက် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား‌ရေးမှူး ‌ဒေါက်တာ ဖြိုးဝေက ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)