နမ့်စန်မြို့နယ် ဟိုက်ဖတ်ကျေးရွာ ‘ပိတောက်မြိုင်’ စာကြည့်တိုက် ရှင်သန်ခိုင်မာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နမ့်စန်() ဇွန် ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ ဟိုက်ဖတ်ကျေးရွာအုပ်စု၊ ဟိုက်ဖတ်ကျေးရွာရှိ ‘ပိတောက်မြိုင်’ စာကြည့်တိုက် ရှင်သန်ခိုင်မာရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူများက ယနေ့နံနက် ၁၁ နာရီတွင် အဆိုပါစာကြည့်တိုက်သို့ သွားရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က ကွင်းဆင်းဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်၊ စာကြည့်တိုက် ရေရှည်ရှင်သန် ခိုင်မာရေးကိစ္စရပ်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဌာနမှကူညီဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ဟိုက်ဖတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝိမာလ၊ ဟိုက်ဖတ်ကျေးရွာတာဝန်ခံနှင့် ရပ်မိရပ်ဖများက စာကြည့်တိုက်ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စာအုပ်စာစောင်များနှင့် ပရိဘောဂများ ဖြည့်ဆည်းရေး၊ ရန်ပုံငွေရှာဖွေရေးနှင့် အခြားလိုအပ်သည်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး ‘ပိတောက်မြိုင်’ စာကြည့်တိုက် ရှင်သန်ခိုင်မာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စာကြည့်တိုက် ထိန်းသိမ်းကြီးကြပ်မှုကော်မတီနှင့် စာကြည့်တိုက်ကော်မတီတို့ကို အသစ်ပြန်လည်မွမ်းမံဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းအောင်(နမ့်စန်)