ညောင်ဦး ဇွန် ၁၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ မိုးရွာသွန်းမှုကောင်းခြင်းနှင့်အတူ မိုးနှမ်းများ အောင်မြင်ဖြစ်ထွန်းနေကာ တောင်သူများနှမ်းရရန် သေချာသလောက်ရှိနေပြီဖြစ်ကြောင်း တောင်ဘကျေးရွာ မိုးနှမ်းစိုက်တောင်သူများထံက သိရသည်။
ညောင်ဦးမြို့နယ်တွင် မိုးနှမ်း ၃၁၇၄ ဧက စိုက်ပျိုးထားရှိပြီး မိုးနှမ်းခင်းများအောင် မြင်ဖြစ်ထွန်းနေကာ အဖူးအပွင့်များ စတင်ဖူးပွင့်နေပြီးဖြစ်ကြောင်း၊ မိုးနှမ်းစိုက်ခင်းများ တပြေးညီ ကောင်းနေကြခြင်းကြောင့် မိုးနှမ်းအထွက်နှုန်းကောင်းမှာ သေချာနေပြီဖြစ်ကြောင်း ၊ ညောင်ဦးမြို့နယ်ကျေးလက်တောင်သူများသည် မကွေးဖြူ၊ ဆင်းရတနာ-၃၊ မယ်သီလ၊ နှမ်းနီ ၂၅/၁၆၀ နှမ်းမျိုးများ စိုက်ပျိုးကြကာ နှမ်းအထွက်နှုန်းကောင်းရန် သေချာနေပြီဖြစ်ကြောင်း၊ ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများကလည်း ကျေးလက်တောင်သူများ နှမ်းမျိုးများအကြောင်း ပညာပေးဟောပြောခြင်းများ၊ စိုက်နည်းမှန်၊ ရိတ်သိမ်းမှန်၊ နှမ်းအထွက်နှုန်းအတွက် လိုအပ်သည့် ပညာပေးဆွေးနွေးမှုများလည်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ညောင်ဦးမြို့နယ်တွင် ဧပြီလမှစတင် မိုးရွာသွန်းခဲ့ပြီး နှမ်းများ ကြဲပက်စိုက်ပျိုးခဲ့ကာ ဇွန်လတွင် မိုးနှမ်းများ အဖူးအပွင့်များလှိုင် လှိုင်ပွင့်နေပြီဖြစ်ကာ ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ မိုးနှမ်းရရန် သေချာ နေပြီဖြစ်ကြောင်း ကျေးလက်တောင်သူများက ပြောကြား၍ သိရသည်။
ဒီပါလင်း