နမ့်စန်(တ) ဇွန် ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဟိုက်ဖတ်ကျေးရွာအုပ်စု၊ ဟိုက်ဖတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဟိုက်ဖတ်အ.ထ.ကမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာအောင်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က လူငယ်များ စိတ်ဓာတ်ကောင်းမွန်ရေးနှင့် စည်းကမ်းလိုက်နာရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ လူငယ်နှင့်စာဖတ်ခြင်းစသည့် ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောခဲ့ပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုက လူငယ်နှင့်ခေါင်းဆောင်မှု၊ ခေါင်းဆောင်ကောင်း တစ်ဦးတွင် ရှိရမည့် အချက်များကို ဟောပြောဆွေးနွေးခဲ့သည်။
အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာအောင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၉၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)