ဆိပ်ကြီးခနောင်တို ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက်၁၀နာရီက ဆိပ်ကြီးအနောက်ရပ်ကွက်၊ မိုးကောင်း ပရိယတ္တိစာသင်တိုက်ရှိ ဗုဒ္ဓဝင်သကျောင်းဆောင်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကိုကြွရောက်လာကြသည့် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ် အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး၊ မြို့နယ်သံဃာ့ နာယကဥက္ကဋ္ဌဆရာတော်ထံ ဧည့်ပရိသတ်တို့က ငါးပါးသီခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ကြသည်။ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်လှိုင်က မြို့နယ်သာသနာရေးဆိုင်ရာများအား ဆရာတော် သံဃာတော်များထံ လျှောက်ထားတင်ပြသည်။
ယင်းနောက် အခြေပြုမူလတန်းအောင်မြင်ခဲ့ကြသည့် ရှင်သာမဏေနှစ်ပါးအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်လှိုင်နှင်အဖွဲ့ဝင်များ ဒကာ၊ဒကာမများက စာအောင်လက်မှတ်နှင့်ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းကြပြီး၊ စာသင်စာချဆရာတော်သံဃာတော်များအား မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ဝတ္တုငွေများအသီးသီး ဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး၊ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ စူဠဘွဲ့နှင်းသဘင်အခမ်းအနားသို့ မြို့နယ်သံဃာ့နာယကအဖွဲ့ဆရာတော်များ၊ မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော်များ၊ စာသင်စာချဆရာတော်များ၊ စာအောင်ရှင်သာမဏေများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြိုဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝေယံ