ဒလ ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ဇွန်လ (၁၁) ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာ၀င်းက ကလေးအလုပ်သမား၏အဓိပ္ပာယ်၊ ကလေးအလုပ်သမားဆိုသည်မှာ ဥပဒေက ခွင့်ပြုထားသော အသက်အရွယ်ထက်ငယ်ရွယ်ခြင်း၊ ကလေးအလုပ်သမားဆိုင်ရာ အသက်အရွယ်ကန့်သတ်ချက်များ၊ အဆိုးဝါးဆုံးပုံစံဖြင့်အလုပ်ခိုင်းစေခြင်း၊ အဓမ္မအလုပ်ခိုင်းစေမှုဆိုင်ရာ အဓိပ္ပာယ်ဖော်ပြချက်များ၊ ကလေးအလုပ်သမား ဖြစ်ပေါ်စေသည့် အကြောင်းအရာများ၊ ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှုများ လျော့နည်းပပျောက်စေရန် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ဥပဒေအရ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးရန်အချက်များ စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသ စာအုပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခင်စန္ဒာမြင့် (ပြန်/ဆက်)