ခရမ်းမြို့နယ် အ.မ.က(၂)မူလွန်ကျောင်းတွင် နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဲဆောင်ရွက်

ခရမ်း ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်က အ.မ.က(၂)မူလွန်ကျောင်း၌  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟော ပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်အိအိငြိမ်းက ကျောင်းသား/ကျောင်းသူများအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကို  ဖတ်ရှုလေ့လာသော အလေ့အကျင့်ကောင်းများရှိစေရန်အတွက်  ပြင်ပဗဟုသုတရရှိမည့် စာအုပ်များကို ငယ်စဉ်ကတည်းက ဖတ်ရှုလေ့လာစေလိုကြောင်းနှင့်ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်/စာပေများ အခမဲ့လာရောက်ငှားရမ်းဖတ်ရှုခြင်းဖြင့် စာဖတ်ရှိန်မြင့်မားလာစေရန် စသည့်အကြောင်း အရာများကို အကျယ်တဝင့်ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ငလျင်အသိပညာ‌ပေး နံရံကပ်စာစောင်၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့်သုတ၊ ရသစာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

ခရမ်း