ကော့မှူး ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီက လှူဒါန်းသော စာအုပ်စာစောင်များနှင့် ပရိဘောဂများ ထပ်ဆင့်လှူဒါန်းပွဲကို ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ ဖတ်ရှုနိုင်စေရန်အတွက် တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်မှုကော်မတီမှ လှူဒါန်းပေးခြင်းဖြစ်ကြောင်း၊ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ကျေးရွာစာကြည့်တိုက်မှူးအနေဖြင့် ကျေးရွာစာကြည့်တိုက်များသို့ လှူဒါန်းပေးသော စာအုပ်များနှင့် ပရိဘောဂများကို စနစ်တကျ မှတ်တမ်းရေးသွင်း ဆောင်ရွက်ကြရန်၊ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ရေးအတွက် စာကြည့်တိုက်ကော်မတီများက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်လှိုင်က မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များအား ရှင်သန်ဖွံ့ဖြိုးတိုးတက်စေလိုကြောင်း၊ စာအုပ်၊ စာစောင်များ တိုးပွားရရှိစေရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများက ကျေးရွာနေပြည်သူများကို စည်းရုံးဆောင်ရွက်ကြရန် ကျေးရွာနေပြည်သူများ စာဖတ်ရှိန်မြင့်မားရေးအတွက် စာကြည့်တိုက်များ အပတ်စဉ်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးကြရန်နှင့် ကျေးရွာနေပြည်သူများ စာပေဖတ်ရှုခြင်းကြောင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများအား ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်မှုများကော်မတီမှ စာကြည့်တိုက်တစ်တိုက်လျှင် စာအုပ်တင် သံစင်တစ်စင်၊ ပလတ်စတစ်ထိုင်ခုံ (၈)လုံးနှင့် စာအုပ်(၄၁)အုပ်တို့အား မြို့နယ်အတွင်းရှိ မှော်တောကျေးရွာ ကျေးလက်လမင်းစာကြည့်တိုက်၊ ဝါးသင်္ခကျေးရွာ ရူခင်းသာစာကြည့်တိုက်တို့မှ စာကြည့်တိုက်မှူးများကို မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်လှိုင်နှင့် တာဝန်ရှိသူများက ထပ်ဆင့်လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)