မန္တလေးတွင် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကလေးအလုပ်သမားဆိုင်ရာ အသိပညာဆွေးနွေးပွဲ ကျင်းပ

မန္တလေး ဇွန် ၁၂

ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို မန္တလေးခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင်  အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊  မန္တလေးတိုင်းဒေသကြီးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဦးဖြိုးဝေဇော်က ကလေးအလုပ်သမားအဓိပ္ပာယ်ဆိုင်ရာအကြောင်းအရာများ၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသရှိ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသက်(၁၈)နှစ်အောက် လူဦးရေသည် နိုင်ငံလူဦးရေ၏ ၃၃.၃၁ ရာခိုင်နှုန်းခန့်ရှိသည့်အနက် နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်း သည် ကျေးလက်ဒေသများတွင် အများဆုံးနေထိုင်၍ ဆင်းရဲနွမ်းပါးမှုနှင့် ယင်းအကျိုးဆက်များကို ၁၈ နှစ်အောက်ကလေးများ အများဆုံးခံစားနေရကြောင်းနှင့်ကျေးလက်ဒေသရှိ ကလေးသူငယ် များသည် ကျန်းမာရေးစောက်ရှောက်မှု၊ ရေနှင့်သန့်ရှင်းမှုဆိုင်ရာဝန်ဆောင်မှု၊ ပညာသင်ကြားခွင့်ဆိုင်ရာ အခွင့်အရေးများကို အကန့်အသတ်ဖြင့်သာရရှိနေကြောင်း၊ အသက် (၁၈) နှစ်အောက် ကလေးသူငယ်များအား အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းဆိုင်ရာ အကြောင်းအရာများ၊ ကလေးအလုပ်သမား ဖြစ်ပေါ်စေသည့် အခြေခံအကြောင်းတရားဆိုင်ရာများ၊ ကလေးအလုပ်သမားမူဝါဒနှင့်ဥပဒေအကြောင်းများ၊ အမျိုးသားကော်မတီ ၏ လုပ်ငန်းတာဝန် (၈) ရပ်အကြောင်း အရာများနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းများသည် အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်ပြီး နိုင်ငံတော်၏ အနာဂတ်ပုံရိပ်ကောင်းမွန်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်သဖြင့် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးအတွက်  နိုင်ငံတကာစံချိန်စံညွှန်း များနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာအစိုးရမဟုတ်သောအဖွဲ့အစည်းများ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း  အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသည့် အလုပ်ရှင်၊ အလုပ်သမားများက အသီးသီး အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇင်မင်းမောင်