ရွာငံ ဇွန် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားလျော့နည်းပပျောက်စေရေးအသိပညာပေး Talk Show ကို ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးသန့်က Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်နှင့် ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက် ၃ ရပ်ဖြင့် ဦးဆောင်ဆွေးနွေးသည်။ ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်နီနီမြင့်က ကလေးသူငယ်များ၏ အခွင့်အရေးဆုံးရှုံးနစ်နာမှုဆိုင်ရာအကြောင်းရင်းများ၊ ကလေးအလုပ်သမားဆိုင်ရာ အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ ကလေးသူငယ်များအပေါ် မတရားညှင်းပန်းနှိပ်စက်မှု၊ အဓမ္မခိုင်းစေမှုနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ချမှတ်နိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်၊ ငွေဒဏ်များ စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အလားတူ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် နံရံကပ်စာစောင်ပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကိုလည်း ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပြည့်ဖြိုးသန့်